ဘောလုံးလောကမှ အကြားအမြင် ဆရာများ

တစ်ချိန်တုန်းက ဘိုးတော်ခေတ်ကို မှတ်မိကြဦးမည် ထင်ပါသည်။

“ဟဲ့… ဟိုဘိုးတော်က မှန်တယ်တော့” “ဒီဘိုးတော်ကတော့ ဗိုက်ထဲမှာပုဏ္ဏားလေး ရှိနေတယ်ထင်ရ” စသဖြင့် တစ်ဆင့်စကား တစ်ဆင့်နားကနေ သတင်းဆောင်ကာ အကြားအမြင်ဘိုးတော်တွေ ခေတ်ကောင်းကုန်သည်။ အိမ်ထောင်ရေး၊ စီးပွားရေး၊ အချစ်ရေးမှအစ ဘောလုံးပွဲလောင်းကြေးအဆုံး သူတို့ကိုမေးကြသည်။

ဘိုးတော်ကလည်း မှန်လိုက်တာမပြောနှင့်။ ကြေးနိုင်သည့်သူတွေက နိုင်၊ လက်ဖျားငွေသီးသူတွေက သီးနှင့် နာမည်ပိုကြီးလာသည့်အလျောက် သူ့ဆီလာရောက်မေးမြန်းသူတွေ တိုးမပေါက်တော့။ သို့ပေမယ့် အချိန်တန်တော့ အမှန်တရားက ပေါ်ထွက်လာသည်။ မှန်ပေမပေါ့။ Aအသင်းနှင့် Bအသင်း ဘယ်သူ့ကိုထိုးရမလဲ လူ (၁၀၀)မေးသည် ဆိုပါစို့။

A ဟု (၅၀)ကိုဖြေပြီး ကျန်တစ်ဝက်ကို B ဟုဖြေသည်။ အားလုံးက မယုံတစ်ဝက်ယုံတစ်ဝက်နှင့် လာရောက်စနည်းနာသူတွေဆိုတော့ အမှားဟောခြင်းခဲရသူတွေက ဇာမချဲဲ့ကြ။ အမှုမဲ့အမှတ်မဲ့ထားကာ နောက်တစ်ခါ မသွားကြရုံသာ။ ကြေးအောင်သူတွေအတွက်မူကား ခြားနားပေသည်။

သူတို့က အံ့အားသင့်ကြီးစွာ ပြန်လည်ဖောက်သည်ချသည်တွင် ဘိုးတော်ကောင်းသတင်း ပိုမိုကြီးထွားလာခြင်း ဖြစ်ပေသည်။ သို့သော် လေပူဖောင်းလိုမျိုး ပွသထက်ပွလာသည့်အလျောက် အချိန်တန်တော့လည်း ပေါက်ကွဲခြင်းနှင့် အဆုံးသတ်ရစမြဲ။ အခုလည်း အလားတူအဖြစ်မျိုး တွေ့ကြုံနေရပြန်သည်။

ITK (In The Know) အကောင့်များသည် အ​ပြောင်းအရွှေ့သတင်းများကို တွစ်တာပေါ်တွင် ဖောင်းပွနေအောင်တင်သည်။ ရိုမာနိုတို့၊ မတ်လောတို့၊ ဒေးဗစ်အွန်းစတိန်းတို့တောင် အတည်မပြုရသေးသည့် သတင်းတွေကို သူ့ထက်ငါဦးအောင် အလုအယက်တင်နေကြသည်။ ဤသည်တွင် မှန်တာက များသည်။

ထိုအခါ ဟုတ်လှချည်လားပေါ့။ ထိုအထဲတွင် h. grimes ဆိုသည့် အကောင့်ပိုင်ရှင်က နာမည်ကြီးနေသည်။ သူတင်သည့်သတင်းများက အစောဆုံးနှင့် မှန်တာအများဆုံး။ သို့သော် သတင်းများကို စနစ်တကျလိုက်ခြင်းမဟုတ်ဘဲ ထင်ရာစွတ်ရေးခြင်းဖြစ်ကြောင်း အချိန်ကသက်သေပြသွားသည်။

ဒမ်ဘီလီ၊ ဆန်ချို၊ ပါရီဆစ်တို့နှင့် ချဲလ်ဆီးပုံပြင်၊ ဒါဝင်နူနက်ဇ်နှင့် ပီအက်စ်ဂျီပုံပြင် စသဖြင့် ပေါက်ပန်းလေးဆယ်တင်ထားချက်များ ထောက်ပြမည်ဆိုပါက ဆုံးမည်မဟုတ်တော့ပေ။ တကယ်တော့ မှန်းထားသည့်အတိုင်းဖြစ်လာလျှင် အထင်ကြီးတတ်သော လူ့သဘောကိုနောကျေနေသည့် h. grimes နှင့် ဘိုးတော်များ လုပ်စားနေခြင်းဖြစ်သည်။

ကမ္ဘာလောကကြီးမှာ ထိုသို့သောလူစားများကို social punishment ထိထိရောက်ရောက် ချမှတ်သင့်ပေသည်။

Leave a Reply