အွန်နရီလက်သစ် ဘာဖြစ်သွားတာလဲ

ဒီကစားသမားလေးဆီမှာ မက်ဆီအငွေ့အသက်တချို့ တွေ့နေရတယ်။

ဘောလုံးထုတ်​ပြေးသွားတာများ ရော်နယ်ဒိုလို အမြန်နှုန်းနဲ့။ သီယာရီအွန်နရီလက်သစ် ဖြစ်လာနိုင်တဲ့ ကောင်လေးတစ်ယောက်ပါလား။ ဒီစာသားတွေဟာ Sky Sports သတင်းဌာနမှာ ဖော်ပြချက်တွေ။ ယူနိုက်တက်က လီဗာပူးလ်ကို ၃ဂိုး-၁ဂိုးနဲ့ အနိုင်ရရှိသွားတဲ့ သူ့ရဲ့ပွဲဦးထွက်မှာ solo goal သွင်းယူခဲ့တဲ့ မာရှယ်အပေါ် အမွှမ်းတင်မှုပါ။

တကယ်လည်း မာရှယ်ဟာ အဲ့တုန်းက တော်တော်ကောင်းခဲ့ပါတယ်။ ကျောနံပါတ် (၉)ဂျာဆီနဲ့ ဘယ်တောင်ပံတစ်ခုလုံးကို အပိုင်သိမ်းထားပြီး ဟာဇက်၊ မာနေး၊ စတာလင်တို့လို အားကိုးရမယ့်သူအဖြစ် မျှော်လင့်ထားခဲ့ကြပါတယ်။ သို့သော်… သို့သော်။ မာရှယ်ဟာ စိတ်ဓာတ်ကြံ့ခိုင်မှု အားနည်းလွန်းတယ်။

မာရှယ်ကျဆင်းခြင်းက ဇလာတန်နဲ့စတယ်။ ယူနိုက်တက်နည်းပြ မော်ရင်ဟိုက နတ်ဘုရားကြီး ဇလာတန်အီဘရာဟီမိုဗစ်ချ်ကို ခေါ်ယူခဲ့ရာမှာ ကျောနံပါတ် (၉) ဝတ်ဆင်ခွင့်ပြုမယ်ဆိုတဲ့ မက်လုံးလည်း ပါဝင်ခဲ့တယ်။ ဒီနေရာမှာ မာရှယ်ကို ခွင့်မတောင်းခဲ့ဘူး။ သို့နှင့် ဇလာတန် ကျောနံပါတ် (၉)ဝတ်ရပြီး မာရှယ် (၁၁)ဝတ်ရတယ်။

နည်းပြက ကိုယ့်အပေါ် မလေးမစားပြုမူတဲ့အခါ သူ့စိတ်ထဲ မခံချင်စိတ်တွေ ထကြွလာခဲ့ပုံပေါ်ပါတယ်။ လိုတာထက်ပိုပြီး ဘောလုံးကိုင်လာတယ်။ solo အကွက်တွေ လုပ်ပြချင်စိတ် များလာတယ်။ အဲ့ဒီနောက် ခြေစွမ်းတွေကျဆင်းလာတယ်။ ယူနိုက်တက်ပရိသတ်တွေကလည်း မော်ရင်ဟိုလွန်တာကြောင့် မာရှယ်ဘက်က ရပ်တည်ပေးခဲ့သေးတယ်။

သို့သော် မော်ရင်ဟိုထွက်ခွာသွားချိန်မှာတောင် မာရှယ်ဟာ ပြန်မလာနိုင်တော့ဘူး။ ကျရှုံးမှုနွံအိုင်ထဲကနေ ရုန်းထွက်နိုင်စွမ်း မရှိတော့ဘူး။ ကနဦးပိုင်း နစ်မြုပ်ခြင်းတွေဟာ မော်ရင်ဟိုကြောင့်ဆိုပေမယ့် နောက်ပိုင်းကာလတွေကတော့ မာရှယ်ကိုယ်တိုင်နဲ့သာ သက်ဆိုင်ပါတော့တယ်။

သူကိုယ်တိုင်ကိုက ကစားပုံကိုပြင်ဆင်ပြီး အမြင့်ပျံချင်စိတ် မရှိတော့တာပါ။ comfort zone ထဲမှာပဲ သာယာနေခဲ့တယ်။ ယူနိုက်တက်မှာ နေရာမရတဲ့အပြင် ဆီဗီလာ၌ အငှားထွက်ကစားချိန်မှာတောင် အသုံးမဝင်တဲ့လူပိုတစ်ဦး ဖြစ်နေခဲ့တယ်။ မနှစ်ရာသီတစ်ခုလုံး ပြိုင်ပွဲစုံ (၉၆၂)မိနစ်သာ ကစားခဲ့ရတယ်။

ဂိုးပေါက်ကန်သွင်းမှုတွေအနက် (၉)ကြိမ်သာ တည့်မတ်ခဲ့တယ်။ ပရိုတစ်ယောက်အနေနဲ့ အလွန်ဆိုးရွားတဲ့ မှတ်တမ်းပါပဲ။ ဒီပုံအတိုင်းသာဆိုရင် ဆီဗီလာက အပြီးသတ်မခေါ်ချင်၊ ယူနိုက်တက်က ဆက်မထားချင်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အခါ အသင်းလက်မဲ့ဖြစ်ပြီး ကစားသမားဘဝ စောစောစီးစီး ဇာတ်သိမ်းနိုင်ပါတယ်။

ဘောလုံးဇာတ်ခုံပေါ်မှာ အချိန်ကြာမြင့်စွာ ရပ်တည်နိုင်ဖို့ စိတ်ဓာတ်ကြံ့ခိုင်မှုလိုအပ်ကြောင်း မာရှယ်က ဘဝနဲ့ရင်းပြီး သက်သေပြသွားတာပါ။

Leave a Reply